Saturday 7 June 2014

ဗိုလ်မှူးကြီး ဟရန်ထီးယိုးနှင့် ၁၉၄၉ မြန်မာပြည် ပြည်တွင်းစစ်ကြီး (၁)

ဆလိုင်းဗန်ကျုံးလျန်
နိဒါန်း
ချင်းသူရဲကောင်း ဗိုလ်မှူးကြီး ဟရန်ထီးယိုအား ဂုဏ်ပြုသည့်အနေဖြင့် ဖလမ်းမြို့ရှိ အကောင်းဆုံးဘောလုံးကွင်းတစ်ခုအား သူ၏အမည်ဖြင့် ခေါ်ဝေါ်သမုတ်ကြသည်။ ဗိုလ်မှူးကြီး ဟရန်ထီးယို သည် ၁၉၄၉ ခုနှစ် Karen National Defence Organization (KNDO) ပုန်ကန်ထကြွချိန်တွင် ပြည်ထောင်စုမြန်မာပြည်ကြီးအား ကာကွယ်ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ရင်း၊ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သည့် ရဲရင့်သောစစ်ဗိုလ်တစ်ဦးဖြစ်သည်။ သူကွယ်လွန်ချိန်၌ ချင်းသေနတ်ကိုင်တပ်ရင်း (၁)၏ တပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီး အဖြစ်အသက်ပေးခဲ့သူပြီး၊ သူကွယ်လွန်ပြီးနောက် ဗိုလ်မှူးကြီး အဖြစ် ချီးမြင့်ခြင်း ခံခဲ့ရသည်။ ကျွန်ုပ် ငယ်စဉ်ကမူ ဟရန်ထီးယိုး ဟူသည်ကို ဘောလုံးကွင်း အမည်အဖြစ်သာ ရင်းနှီးခဲ့ပြီး လူပုဂ္ဂိုလ်တစ်ဦး ဖြစ်မှန်း မသိခဲ့ချေ။
ကျွန်ုပ်ငယ်စဉ်၌၊ အဖေက ဗမာပြည်ကြီး၏ သမိုင်းအကြောင်း၊ ၁၉၄၉ နှစ်တွင်ဖြစ်ပွားခဲ့သောပြည်တွင်းစစ်အကြောင်းနှင့် ဟရန်ထီးယိုး အကြောင်းတို့အား ပြောပြလေ့ရှိခဲ့သော်လည်း ထိုအချိန်တုန်းက ကျွန်ပ်သည် ထိုအကြောင်းများကို စိတ်မ၀င်စားခဲ့ချေ။ ကျွန်ုပ် အရွယ်ရောက်လာသောအခါ ဟရန်ထီးယိုး ဆိုသည်မှာ ဘောလုံးကွင်း အမည် သက်သက်သာ မဟုတ်ဘဲ အလွန်ရဲရင့်သော စစ်ဗိုလ်တစ်ဦးဖြစ်ကြောင်း သိလာခဲ့ရသည်။ သို့သော် သူ့အကြောင်းအား သေသေချာချာ မသိခဲ့သေးပေ။
လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ကျွန်ုပ်သည် ချင်းအမျိုးသားခေါင်းဆောင်အချို့ နှင့် သူရဲကောင်းအချို့တို့၏ အကြောင်းတို့အား ဆောင်းပါးအဖြစ်ရေးသားလာခဲ့ရာ ဟရန်ထီးယို အကြောင်းလည်း ရေးသားရန် စိတ်ကူးရှိခဲ့သည်။ ဗိုလ်မှူးကြီး ဟရန်ထီးယိုး အကြောင်းနှင့်ပက်သက်ပြီး၊ Ceu Mang ရေးသားသော ဟရန်ထီးယို၏ အတ္ထုပတ္တိ၊ ထို့အပြင်၊ ဆောင်းပါးများအဖြစ် ဖလမ်းအဆင့်မြင့်တန်းကျောင်း ၇၅ နှစ်ပြည့်မဂ္ဂဇင်း၊ ဖလမ်းမြို့ နှစ်တစ်ရာပြည့်မဂ္ဂဇင်း၊ အမှတ် (၁) ဖလမ်းမြို့အခြေခံပညာအထက်တန်းကျောင်း နှစ်တစ်ရာပြည့်မဂ္ဂဇင်း နှင့် Lairam Milangsar Pawlle Pathian Kutneh Mawizia မဂ္ဂဇင်းတို့တွင် တွေ့မြင်နိုင်သော်လည်း သူ့အကြောင်းအား ကျွန်ုပ်တို့ လူရွယ်လူငယ်များက သိပ်မသိခဲ့ကြချေ။
ဗိုလ်မှူးကြီးအကြောင်းအား သိချင်ကြသောသူများ ကျွန်ုပ် အသက်အရွယ် လူရွယ်များနှင့် မျိုးဆက်သစ် လူငယ်များစွာရှိကြောင်း ကျွန်ုပ်သေချာပေါက် ပြောရဲပါသည်။ကျွန်ုပ် တတ်စွမ်းသမျှ လေ့လာကြည့်သောအခါ သူ၏ အတ္ထုပတ္တိနှင့် သူနှင့် ပတ်သက်သော ဆောင်းပါးများတွင် ကွဲလွဲချက်အနည်းငယ်ရှိသည်ကို တွေ့ရပါသည်။ သို့သော် ထိုကွာဟချက်များသည် အလွန်အရေးပါကြီးမားသော ကွဲလွဲချက်များတော့ မဟုတ်ပေ။ ကျွန်ုပ် တက္ကသိုလ်ဝင်တန်းပြီးသောအခါ လူအများတို့သည် ကျွန်ုပ်တို့ ချင်းလူမျိုးများက တိုင်းရင်းသားသွေးချင်းညီနောင်များဖြစ်သော ကရင်လူမျိုးတို့ အပေါ် သစ္စာဖောက်ကြောင်းနှင့် ၁၉၄၉ နှစ်တွင်ဖြစ်ပွားသော၊ ပြည်တွင်းစစ်သည် ကရင်လူမျိုးနှင့် ကျွန်ုပ်တို့ ချင်းလူမျိုးများကြား နာကြည်းဖွယ် ဒဏ်ရာများ ဖြစ်စေကြောင်း စသည်များကို ပြောဆိုဆွေးနွေးကြသည်။
ထို့ပြင် ဟရန်ထီးယို သည် အစိုးရဘက်မှ တိုက်ခိုက်ခဲ့ခြင်းမှာ၊ ထိုအချိန်က၀န်ကြီးချုပ် ဦးနုသည် သူ၏သမီးကြီးကို လက်ဆက်ပေးမည်ဟု ကတိပေးခဲ့သောကြောင်ြ့ဖစ်သည် ဟူသောကောလဟာလများ ရှိနေဆဲပင်ဖြစ်သည်။ ယခုခေတ် မျိုးဆက်သစ်များသည် ဤပြည်တွင်းစစ်အကြောင်းဆွေးနွေးတိုင်း ချင်းသေနတ်ကိုင်တိုင်းရင်းသားများ၏ ရဲရင့်မှူထက်၊ ဦးနု၏ သမီး နှင့် ဟရန်ထီးယို တို့၏ကောလဟာလ အကြောင်း များသာ ပြောကြသည်။ တစ်ချို့မျိုးဆက်သစ်များသည် ဒီအကြောင်းများအား ဆွေးနွေးလိုခြင်းမရှိကြချေ။ အကြောင်းမှာ အများစုက ကရင်တို့အား သစ္စာဖောက်ခဲ့သည်ဟု ယူဆကြသောကြောင့်ဖြစ်သည်။
သို့သော် လူအများစုတို့သည် ကျွန်ုပ်တို့ ချင်းသေနတ်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တို့သည် ဘာကြောင့် ကရင်များနှင့် တိုက်ခိုက်ခဲ့ရသည်ကို သိလိုသူများစွာရှိပေမည်။ ထို့ကြောင့် ယခုဆောင်းပါးတွင် ပြည်တွင်းစစ်ဘာကြောင့်ဖြစ်ရသည်၊ ဗိုလ်မှူးကြီး ဟရန်ထီးယို၏ အခန်းကဏ္ဍ နှင့် ချင်းသေနတ်ကိုင်တပ်ရင်း ၏ အခန်းကဏ္ဍကို စူးစိုက်ဖော်ပြမည်ဖြစ်ပါသည်။
ဟရန်ထီးယိုး၏ နောက်ခံဇာတ်ကြောင်း
ဟရန်ထီးယိုး သည် Pu Bawi Kulh နှင့် Pi Do Thluai တို့၏ အကြီးဆုံးသားဖြစ်ပြီး၊ သူသည် ချင်းပြည်နယ်ရှိ ဖလမ်းမြို့နှင့် ၂ မိုင် လောက်ကွာဝေးသော Thanhniar ရွာလေးတွင် ၁၉၁၉ ခုနှစ်၌ မွေးဖွားခဲ့သည်။ သူ၏ဖခင်သည် ဗြိတိသျှအစိုးရထံတွင် လမ်းဖောက်လုပ်သူအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ဟရန်ထီးယိုးသည် အသက် ၁၀ နှစ် အရွယ်ရောက်သောအခါ လိုင်ဇိုမူလတန်းကျောင်း တွင် အတင်းအဓ္ဒမ ကျောင်းထားခြင်းခံရသည်။ စတုတ္ထတန်းအောင်မြင်ပြီးသေားအခါ သူသည် Falam Varnarcular Middle School တွင် သတ္တမတန်းအထိ ဆက်လက်သင်ကြား ပြီးနောက် ငေါန်နယ်မြေ၊ Hmunpi ရွာရှိ မူလတန်းကျောင်းတွင် ကျောင်းဆရာအဖြစ် အလုပ်လုပ်ခဲ့သည်။ သူသည် ကျောင်းဆရာအလုပ်မှ ရသော ၀င်ငွေအား ချွေတာ စုဆောင်းပြီး မြင်း ၃ ကောင်ဝယ်ကာ ကလေးမြို့နှင့် ဖလမ်းမြို့အကြား ကုန်ပစ္စည်း သယ်ပူပို့ဆောင်ပေးသူ အဖြစ်လည်း အလုပ်လုပ်ခဲ့သည်။
တစ်နေ့သောအခါ သူတို့၏ ရွာတွင် ‘Con Lam’ ဟုခေါ်သော ရိုးရာ စားပွဲတော်တစ်ခု ရှိခဲ့သည်။ တစ်ဦးတစ်ယောက်၏ ချမ်းသာကြွယ်ဝမှုအား ပြသရန်အတွက် ထို ရိုးရာ စားပွဲတော်အား ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုရိုးရာစားပွဲတော်အားဖြင့် လူတစ်ယောက်သည် လူမှုအဖွဲ့အစည်းတွင် မြင့်မားသော ဂုဏ်အဆင့်အတန်းအား ရရှိနိုင်ပေသည်။ ဟရန်ထီးယို သည် နောင်တွင် သူ၏ ဇနီး ဖြစ်လာမည့် Lian Hoi ဆိုသည့် အမျိုးသမီးအား ထိုရိုးရာ စားပွဲတော်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ Lian Hoi သည် ချမ်းသာကြွယ်ဝသော မြေပိုင်ရှင် တစ်ဦး၏ သမီးဖြစ်ရာ ရိုးရာ လက်ထပ်ထိမ်းမြားခြင်း ထုံးတမ်းဓလေ့အရ မြေတန်ဖိုး ၁၀၀၀ ကျပ်နှင့် ငွေသား ၆၀ အား သတို့သမီးတန်ဖိုး အဖြစ် ပေးခဲ့ရသည်။ သူသည် လက်ထပ်ပြီးသောအခါ ဗြိတိသျှတပ်မတော်သို့ ၀င်ခဲ့လေသည်။ ထိုအချိန်ကမူ ချင်းပြည်နယ်တွင်(ဗြိတိသျှအစိုးရ၀န်ထမ်းမှအပ) လယ်ယာလုပ်ငန်းမှလွဲ၍ အခြားလုပ်ကိုင်ရန် လုပ်ငန်းများ မရှိခဲ့ပေ။ ဗြိတိသျှတပ်မတော်မှ လစာကောင်းကောင်းပေးသည့်အပြင်၊ ချင်းတောင်တန်းများ၏ အခြားတစ်ဖက်၌ ရှိသော မြေပြန့်ဒေသသို့ စွန့်စားနိုင်သော အခွင့်အရေးများသည်း ရရှိနိုင်ခဲ့သည်။ သူသည် မေမြို့ (ပြင်ဦးလွင်) ရှိ အမှတ် (၂) ဗမာ့သေနတ်ကိုင်တိုင်းရင်းသားတပ် တွင် တစ်လ ၉ ကျပ်ဖြင့် စတင် အမှုထမ်းခဲ့သည်။ တစ်နှစ်အကြာတွင် သူသည် ခွင့်ယူပြီး ဇာတိရွာသို့ ပြန်ခဲ့ရာ ဇနီးဖြစ်သူက သမီးလေး မွေးဖွားခဲ့သည်။ သို့သော် ကံမကောင်းကြောင်းလှစွာဖြင့် သမီးလေးသည် လအနည်းငယ် အကြာတွင် ကွယ်လွန်သွားခဲ့သည်။
ဟရန်ထီးယို၏ ဗြိတိသျှ တပ်မတော်သားဘ၀ ( ၁၉၃၉ – ၁၉၄၄)
၁၉၃၉ စက်တင်ဘာလတွင် သူသည် အမှတ် (၂) ဗမာ့သေနတ်ကိုင်တိုင်းရင်းသားတပ်တွင် တပ်သား အဖြစ် ၀င်ရောက် အမှုထမ်းခဲ့ပြီး တပ်ကြပ်အဖြစ် လျင်မြန်စွာ ရာထူးအဆင့်တိုးခြင်းခံခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ်အစောပိုင်းတွင် ဗြိတိသျှတို့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖက်ဆစ်ဂျပန်တပ်တို့က မြန်မာနိုင်ငံအရှေ့ဘက်မှ သိမ်းပိုက်နေပြီဖြစ်သောကြောင့် အိန္ဒိယသို့ ဆုတ်ခွာခဲ့ကြသည်။ ဟရန်ထီးယို သည်လည်း ဗြိတိသျှတို့နှင့်အတူ Hosier-pore အိန္ဒိယထိ ဆုတ်ခွာခဲ့သည်။ ၁၉၄၃ ခုနှစ် ဗြိတိသျှတို့သည် ဂျပန်တပ်များအား တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် သူသည် တပ်ကြပ်ကြီးအဖြစ် ရာထူးတိုးသွားခဲ့ပြန်သည်။ ၁၉၄၃ အစောပိုင်းနှစ်တွင် ဗြိတိသျှ Chindit တပ်သည် ဂျပန်တို့အား စစ်ဆင်ခဲ့သော်လည်း ဂျပန်တပ်များက တိုက်ခိုက်တွန်းလှန်နိုင်ခဲ့ရာ အိန္ဒိယသို့ ပြန်လည် ဆုတ်ခွာခဲ့ကြရသည်။ ထို စစ်ဆင်ရေးကြီးပြီးဆုံးသောအခါ သူသည် ဗိုလ် အဖြစ်ရာထူးတိုးခဲ့သည်။ Chindit တပ်သည် ၁၉၄၄ ခုနှစ်စောပိုင်းတွင် ပြန်လည် ကြိုးပမ်းခဲ့ရာ ဂျပန်တို့အား အသာစီးရပြီး ဂျပန်တပ်များကို အိန္ဒိယနှင့် ချင်းတောင်တန်းများမှ မောင်းထုတ်ပစ်နိုင်ခဲ့သည်။ ထိုစစ်ဆင်ရေးတွင်လည်း တပ်ကြပ်ကြီးဟရန်ထီးယိုးသည် ရွပ်ရွပ်ချွံချွံတိုက်ခိုက် ခဲ့၍ မြန်မာနိုင်ငံသူရဲကောင်းမှတ်တမ်းတင်တံဆိပ် (B.G.M) ဖြင့် ၁၉၄၅ခုနှစ်တွင် ချီးမြင့်ခြင်းခံရသည်။ ထို့အပြင် ဗြိတိသျှဘုရင်၏ ကော်မရှင်ရ၊ မြန်မာအရာရှိတစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံရသည်။
၁၉၄၅ ခုနှစ် ဂန္ဒီသဘောတူညီမှုစာချုပ်
၁၉၄၅ ခုနှစ်တွင် ဗမာ့တပ်မတော်၏ ရှေ့ရေး အနာဂတ်နှင့် စပ်လျဉ်းပြီး ဆွေးနွေးရန် သီရိလင်္ကာ၊ ကန်ဒီမြို့၌ ကန်ဒီကွန်ဖရင့်အား ကျင်းပခဲ့သည်။ ဗမာအမျိုးသားတပ်မတော် (BNA) နှင့် ဗြိတိသျှတို့လက်အောက်တွင် သစ္စာရှိစွာ အမှုထမ်းခဲ့သော တိုင်းရင်းသားစစ်တပ်များအား ပူးပေါင်းပြီး ဗမာ့တပ်မတော် ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။ ပြန်လည်ဖွဲ့စည်းသော ဗမာ့တပ်မတော်တွင် အရာရှိ ၂၀၀၀နှင့် အခြား စစ်သည် ၅၂၀၀ ပါဝင်သော သေနတ်ကိုင်တပ်ရင်း ၁၅ခု ပါဝင်ခဲ့သည်။ ထို သေနတ်ကိုင်တပ်ရင်း ၁၅ခှုတွင် ဗမာ့သေနတ်ကိုင်တပ်ရင်း (၆) ခု၊ ချင်းသေနတ်ကိုင်တပ်ရင်း (၂) ခု၊ ကချင်သေနပ်ကိုင်တပ်ရင်း (၂) ခု နှင့် ချင်းတောင်သေနတ်ကိုင်တပ်ရင်း (Chin Hills Batallion)၊ ကရင်သေနတ်ကိုင်တပ်ရင်း (၃) ခု နှင့် ဗမာတပ်မအမှတ် ၄ (ဂေါ်ရခါး) တပ်တို့ ပါဝင်ခဲ့သည်။
ဗမာတပ်တော်၏ စစ်သေနာပတိနှင့် ဒုတိယစစ်သေနာပတိ တို့မှာ ဗိုလ်ချုပ် Smith Dun (ကရင်) နှင့် ဗိုလ်မှူးချုပ် စောကြာဒိုး (ကရင်) တို့ဖြစ်ကြသည်။ မြောက်ပိုင်းနှင့် တောင်ပိုင်း စစ်ဌာနချုပ်များ၏ တပ်မှူးများမှာ ဗိုလ်မှူးချုပ် နေ၀င်း နှင့် ဗိုလ်မှူးချုပ် အောင်သိန်း တို့သည် အသီးသီးဖြစ်ခဲ့ကြသည်။
ချင်းတပ်ရင်းအားလုံး၏အထက်အရာရှိမှာ ဗိုလ်မှူးကြီး Dal Za Kam ဖြစ်ပြီး ဗိုလ်မှူး Khen Za Mung သည် အတွင်းရေးမှူးဖြစ်သည်။ ကန်ဒီ သဘောတူညီမှုတွင် အချို့သော အငယ်တန်းအရာရှိများကို ဗြိတိန်နိုင်ငံရှိ Sandhurst Royal Military Academy မှ သင်တန်းပေးရမည်ဆိုသော အချက်လည်း ပါဝင်ခဲ့ရာ၊ ချင်းတပ်ရင်းတို့်မှ အငယ်တန်းအရာရှိဖြစ်သော ဟရန်ထီးယိုး နှင့် အခြားအရာရှိ တို့သည် ၁၉၄၄ နှစ်လယ်ပိုင်းတွင် ဗြိတိန်နိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့ကြသည်။
ဗမာတပ်မတော်သားဘ၀ (၁၉၄၅ – ၁၉၄၈)
၁၉၄၅ ဧပြီလတွင် အသစ်ဖွဲ့စည်းလိုက်သော ချင်းသေနတ်ကိုင်တပ်ရင်း (၁) နှင့် (၂) တို့သည် ဖလမ်းမြို့နှင့် တီးတိန်မြို့များတွင် စစ်စခန်းချခဲ့ကြသည်။ ဟရန်ထီးယို သည် ချင်းသေနတ်ကိုင်တပ်ရင်း (၂) တွင် တပ်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုနှစ်တွင် မြန်မာပြည်အထက်ပိုင်း ရွှေဘိုနယ်တွင် ဆူပူသောင်းကျန်းမှုများ၊ ခိုးသား၊ ဒမြသောင်းကျန်းမှုများ တိုက်ခိုက်နှိမ်နင်းရာတွင် စစ်ပွဲအောင်နိုင်ခဲ့သဖြင့် ဗိုလ်ဟရန်ထီးယိုး သည် ဗိုလ်မှူး ရာထူးသို့ တိုးမြှင့်ခြင်းခံရပြီး၊ ချင်းသေနတ်ကိုင်တပ်ရင်း (၁) တွင် Company Commander အဖြစ် ပြောင်းရွှေ့ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ချင်းသေနတ်ကိုင်တပ်ရင်း (၁) သည်ရခိုင်နယ်စပ်ဒေသတွင် လှုပ်ရှားလျက်ရှိသော မူဂျာဟစ်သူပုန်အဖွဲ့အား နှိမ်နင်းရန်အတွက် စစ်တွေ၌ စစ်စခန်းချခဲ့ကြသည်။ ၁၉၄၈ အစောပိုင်းတွင် ချင်းသေနတ်ကိုင်တပ်အား ရန်ကုန်သို့ ပြန်ခေါ်ပြီး ဟံသာဝတီ၊ ပဲခူး၊ တွံ့တေး နှင့် သန်လျင်ရှိ သောင်းကျန်းသူများအား နှိမ်နင်းတိုက်ခိုက်ခဲ့သည်။
BoMuuGyi2
“ဗိုလ်မှူးကြီးဟရန်ထီးယိုးအား မြန်မာနိုင်ငံသူရဲကောင်း မှတ်တမ်းတင်တံဆိပ် (BGM) အား အိန္ဒိယနိုင်ငံတွင် ချီးမြှင့်နေစဉ်”
၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရသောအခါ ဗိုလ်မှူးဟရန်ထီးယို သည် ဒုဗိုလ်မှူးကြီး အဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရပြီး၊ ချင်းသေနတ်ကိုင်တပ်ရင်း (၁) ၏ တပ်ရင်းမှူးဖြစ်လာခဲ့သည်။ မြန်မာပြည် လွတ်လပ်ရေးရသောအခါ ချင်းသေနတ်ကိုင်တပ်ရင်း (၁) သည် ရန်ကုန်၌ လည်းကောင်း၊ ဒုဗိုလ်မှူးကြီး ဆွန်ခေါပေါင် ကွပ်ကဲသော ချင်းသေနတ်ကိုင်တပ်ရင်း (၂) သည် ရွှေဘိုတွင် လည်းကောင်း၊ ဒုဗိုလ်မှူးကြီး လျံကျင်ဇမ် ကွပ်ကဲသော ချင်းသေနတ်ကိုင်တပ်ရင်း (၃) (တင့်ကားဖျက် တပ်ရင်းကြီး) သည် မိတ္ထီလာတွင် လည်းကောင်း အသီးသီး တပ်ချခဲ့ကြသည်။
ဒုဗိုလ်မှူးကြီး ဟရန်ထီးယို၏ စရိုက်သဘာဝ
ဟရန်ထီးယို အကြောင်းအား ဖော်ပြရာတွင် သူ၏ ရဲရင့်မှု၊ ဘောလုံးဝါသနာအကြောင်းနှင့် သူ၏ နိုင်လိုစိတ်ပြင်းမှုမှာ မပါလျှင် မပြည့်စုံနိုင်ချေ။ ဗိုလ်မှူးကြီး Van Kulh က သူ၏ စာအုပ်တွင် “ ဒုဗိုလ်မှူးကြီး ဟရမ်ထီးယို သည် ဘောလုံး ကစားရာတွင် အလွန်တော်ပြီး ရုပ်ရည်ချောမောသော လူငယ်တစ်ဦးဖြစ်သည်။ သူသည် အလွန် ရဲရင့်ပြီး ဥာဏ်ကောင်းသူ ဖြစ်သည်။ သူသည် တိုင်းပြည်အား လေးနက်စွာ ကာကွယ်သူ ဖြစ်သည်။ သူ၏ တိုင်းပြည်နှင့် လူမျိုအား ချစ်သောစိတ်မှာ သိသာ ထင်ရှားလှသည်“ ဟု ရေးသားခဲ့သည်။
၁၉၄၉ ခုနှစ် ပြည်တွင်းစစ် ဖြစ်ပွားနေချိန်တွင် တောင်ပိုင်းစစ်ဌနချုပ် ဗိုလ်မှူးချုပ် ကျော်ဇော ကသည်း သူ၏ အတ္ထုပတ္တိတွင် “ဒုဗိုလ်မှူးကြီး ဟရန်ထီးယိုသည် ဘောလုံးကစားရာတွင် အလွန်တော်ပြီး သတ္တိရှိသော ချင်း အမျိုးသားဖြစ်သည်” ဟု မှတ်တမ်းထားခဲ့သည်။ ဗိုလ်မှူး Khen Za Mung ကလည်း ချင်းဝေါလ်မီဒီယာနှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် “ဒုဗိုလ်မှူးကြီး ဟရမ်ထီးယိုသည် သူမျက်မြင်ကိုယ်တွေ့ သိကျွမ်းရသူများတွင် သတ္တိအရှိဆုံး လူတစ်ဦးဖြစ်သည်” ဟု ပြောပြခဲ့သည်။
ဟရန်ထီးယိုသည် ပေါင်းသင်းဆက်ဆံရေးကောင်းသူ ဖြစ်ပြီး ဘောလုံးပွဲများကိုလည်း အမြဲစီစဉ်ကျင်းပခဲ့သည်။ သူသည် ရိုးဖြောင့်မှုပြီး သစ္စရှိသော သူ ဖြစ်သည့်အပြင် ရဲဘော်ရဲဘက်များ၊ ရာထူးမြင့်သော စစ်အရာရှိများနှင့် အစိုးရ ၀န်ကြီးများထံမှ လေးစားယုံကြည်မှုရရှိသူ ဖြစ်သည်။ သူသည် ဒုဗိုလ်မှူးကြီး အဖြစ် ရာထူးတိုးပြီး မရှေးမနှောင်းတွင် ချင်းကျောင်းသားတစ်ဦးဖြစ်သော Za Hu ဆိုသူအား တက္ကသိုလ်တက်နိုင်ရန် အစစအရာရာကူညီပေးခဲ့သည်။ Za Hu သည် ဘွဲ့ရပြီးသောအခါ ချင်းပြည်နယ်ခရိုင်ရုံးတွင် အလုပ်လုပ်ခဲ့သည်။ ဒုဗိုလ်မှူးကြီး ဟရန်ထီးယို သည် မိမိ ချင်းလူမျိုးဖြစ်ရခြင်းအပေါ်အမြဲ ဂုဏ်ယူသူ ဖြစ်ရာ အခွင့်အခါကြုံတိုင်း ချင်းယဉ်ကျေးမှုအား မြှင့်တင်ပေးခဲ့သည်။
ချင်းလူမျိုးတို့သည် ရိုးရာ နှစ်သစ်ကူးပွဲတော်အား နှစ်စဉ် အောက်တိုဘာလကုန်တိုင်း ကျင်းပလေ့ရှိကြသည်။ ၁၉၄၈ ခုနှစ် အောက်တိုဘာလတွင် ဒုဗိုလ်မှူးကြီး ဟရန်ထီးယို သည် ချင်းရိုးရာနှစ်သစ်ကူးပွဲတော်အား သူ၏ တပ်ရင်းဌာနချုပ်၌ ကျင်းပခဲ့ပြီး မြန်မာပြည် သမ္မတ၊ အစိုးရ ၀န်ကြီးများ နှင့် စစ်တပ်အရာရှိများအား ဖိတ်ကြားခဲ့သည်။ နှစ်သစ်ကူးပွဲတော်ကြီးတွင် အမျိုးစုံလင်သော ချင်းရိုးရာအကများ ပါဝင်ခဲ့ပြီး ချင်းရိုးရာအကတွင် ဂုဏ်သရေရှိ ဧည့်သည်တော်များကလည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။ ၁၉၄၈ ဒီဇင်ဘာလတွင်လည်း ခရစ္စမတ် Carol Singing ဖြင့်သူ၏တပ်ရင်းနှင့် သမ္မတကြီး၊ အစိုးရ၀န်ကြီးများနှင့် စစ်အရာရှိအိမ်များသို့ သွားရောက် သီဆိုခဲ့ပြီး၊ ဤသို့ဖြင့် ဟရန်ထီးယိုသည် ပျော်ရွှင်ဖွယ်ရာ ပွဲများနှင့် ၁၉၄၈ ခုနှစ်အား အချိန်ကုန်ဆုံးစေခဲ့သည်။

ကရင်-ဗမာ အရေးအခင်း (၁၉၄၉ ပြည်တွင်းစစ်ကြီး မတိုင်မီ)

လွတ်လပ်သောဗမာပြည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ ပြည်ထောင်စုအတွင်း ကရင်ပြည်နယ်ဖွဲ့စည်းရန် ဖြစ်သော်လည်း နယ်နိမိတ်ပြသနာများအား ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။ လွတ်လပ်ရေးကာစတွင်မူ ကရင်အရေးကိုမူ ကရင်ရေးရာကောင်စီက တာဝန်ယူခဲ့သည်။ ကရင်အမျိုးသားများသည်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်ခံသဘောကျခြင်း မရှိဘဲ ကရင်ပြည်နယ် ရရှိရေးကို တစ်ခဲနက်တောင်းဆိုခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ကရင်တို့သည် ဗြိတိသျှတို့လက်အောက်တွင် သစ္စာရှိစွာ အမှုထမ်းခဲ့ကြသည်။ ဗြိတိသျှတို့ အိန္ဒိယသို့ ပြန်လည် ဆုတ်ခွာသောအခါ ကရင်ရွာများသည် သူတို့၏ မိသားစုနှင့် ရွာများအား ကာကွယ်ရန်အတွက် လက်နက်စွဲကိုင် တပ်ဆင်ခဲ့ကြသည်။ ဗိုလ်ချုပ် စမစ်ဒွန် က သူရေးသားသော “A memoir of the four foot Colonel” စာအုပ်တွင် “ကရင်များသည် ဗြိတိသျှတို့ အပေါ် အလွန် မှီခိုခဲ့ကြသည်။ ဗြိတိသျှတို့ အိန္ဒိယသို့ ဆုတ်ခွာသွားသောအခါ ကရင်တို့သည် ကြီးမားသော ဆုံးရှုံးမှုအဖြစ် ခံစားခဲ့ကြသည်။
BoMuuGyi1
သူတို့သည် ဗြိတိသျှတို့ ပြန်လာပြီး သူတို့အား ပြန်လည် ကူညီစောင်မလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ သူတို့သည် ထိုယုံကြည်မှုပေါ် အခြေတည်ပြီး မြေအောက်လှုပ်ရှားမှုများ လုပ်ဆောင်ကြကာ ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) နှင့် ဂျပန်တပ်အများအား တိုက်ခိုက်ခဲ့ကြသည်။ BIA နှင့် ဂျပန်တပ်မတော် တို့ ဗမာပြည်အား ဗြိတိသျှတို့ထံမှ သိမ်းယူပြီးသောအခါ BIA သည် ကရင်ရွာများထံမှ လက်နက်များသိမ်းယူရန် ကြိုးပမ်းခဲ့သည်။ သို့သော် ကရင်ရွာသားများက ၄င်းတို့ လက်နက်ချရန် ငြင်းဆန်သောအခါ BIA တပ်နှင့် ကရင်လက်နက်ကိုင်များကြား တင်းမာမှုမြင့်တက်လာခဲ့သည်။ ထို့ကြောင့် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့ပြီး ကရင်များနှင့် ဗမာများကြား ပြင်းထန်သော အဓိကရုဏ်းများ ဖြစ်လာသည်။
“ကရင်များနှင့် ဗမာများသည် တစ်ဖက်နှင့် တစ်ဖက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြပြီး ရွာပေါင်းများစွာ ပြာကျကာ ထောင်ပေါင်းများစွာသောလူများ သေကြေပျက်စီးခဲ့ကြရသည်” ဟုမှတ်တမ်းတင်ထားသည်။
ထိုအခြေအနေကို ဦးနု၏ အတ္ထုပတ္တိ ‘တာတေစနေသား’ တွင်လည်း ဤသို့ရေးသားခဲ့သည်“၁၉၄၂ခုနှစ် ဖြိတိသျှအစိုးရကလည်း ဗမာနိုင်ငံကဆုတ်ခွာစ ဂျပန်စစ်တပ်ကလည်း ဗမာတနိုင်ငံလုံးကို မသိမ်းရသေးခင် စပ်ကူးမတ်ကူးအချိန်အတွင်း ဗမာတနိုင်ငံလုံးမှာ ဗမာတချို့ဟာ ဗမာ့လွတ်လပ်ရေးတပ်တွေကို ဖွဲ့စည်းကြတယ်၊ ဒီတပ်တွေကို ဘီအိုင်အေလို့ခေါ်တယ်၊ နေရာအတော်များများမှာ ဒီ (ဘီအိုင်အေ)တွေဟာ ပြည်သူလုထုဆီက သေနတ်။ ငွေ။ မော်တော်ကား။ လက်ဝတ်လက်စား အစရှိတဲ့ အဖိုးတန်ပစ်စည်းတွေကို လျှောက်သိမ်းကြတယ်၊ မြောင်းမြ ခရိုင်အတွင်းက ဘီအိုင်အေတွေဟာ ကရင်တွေဆီက သေနတ်တွေကို သိမ်းရအောင်လာတဲ့အခါ ကရင်တွေက သူတို့သေနတ်ကို မပေးကြဘူး အဲဒီအချိန်ဟာ မင်းမဲ့တိုင်းပြည်ဖြစ်နေတဲ့အချိန် အဲဒီတော့ ကရင်တွေဟာ ဒီ ဘီအိုင်အေအဖွဲ့တွေကို သူတို့ရဲ့ သေနတ်ဘယ်အပ်မလဲ၊ အဲဒီမအပ်တဲ့အခါ တချို့နေရာတွေမှာ ဘီအိုင်အေနဲ့ ကရင်တွေတိုက်ပွဲဖြစ်ကြတယ်၊ တိုက်ပွဲတွေဟာ မြောင်းမြခရိုင်က ပုသိမ်ခရိုင်ကိုကူး ပုသိမ်ခရိုင်က မအူပင်ခရိုင်ကိုကူးပြီး ကရင်-ဗမာရှိတဲ့ နေရာတွေကို ပြန့်ထွက်သွားတယ်၊ အဲဒီအချိန်ကစပြီး ကရင်နဲ့ဗမာတိုက်လိုက်ကြတာ ကရင်အားကောင်းတဲ့ နေရာတွေမှာ ဗမာတွေကနာ၊ ဗမာအားကောင်းတဲ့နေရာတွေမှာ ကရင်တွေကနာကြပြီး ကရင်နဲ့ဗမာနှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့ကြတဲ့ ကရင်ဗမာချစ်ကြည်ရေး ဗိမာန်ကြီးဟာ ပြိုကျလုနီးနီး အထိ ပျက်စီးသွားခဲ့ကြရတယ်”။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ဖွဲ့စည်းခြင်း
ကရင်နှင့် ဗမာအဖွဲ့အစည်းများအကြား အဓိကရုဏ်များနှင့် မငြိမ်သက်မှုများ၏ ရလဒ်အဖြစ် ကရင်အမျိုးသားဝါဒ ကြီးထွားလာပြီး ဗမာအများစု၏ လက်တွေ့ ခြိမ်းခြောက်မှုများအားထိရောက်စွာ တုံ့ပြန်ရန်အတွက် အမျိုးမျိုးသော ကရင်အုပ်စုများဖြစ်သော Karen Central Organization, Burma Karen National Association, Karen Youth Organization နှင့် Karen National Assocation များအား စုစည်းကာ Karen National Union (KNU) အား ၁၉၄၇ တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လူသိများထင်ရှားသော အင်္ဂလိပ်စာပညာတတ် ရှေ့နေနှင့် ကရင်နိုင်ငံရေးသမား စောဘဦးကြီးသည် KNU ၏ ပထမဆုံးသော ဥက္ကဌ ဖြစ်ခဲ့သည်။ KNU တည်ထောင်ပြီး ဆယ်ရက်အကြာ ၁၉၄၇ ခုနှစ် ဧပြီလ ၁၆ တွင် KNU ၏အဖွဲ့အစည်းခွဲလက်နက်ကိုင် KNDO (Karen National Defense Organization) အားတည်ထောင်ခဲ့ကြသည်။ ယခင်က လက်နက်ကိုင် ရွာသားများသည် KNDO တွင် ပါဝင်လာကြပြီး အဖွဲ့အစည်းသည် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ KNDO ၏ ပြည်ထောင်စုအစိုးရအား တောင်းဆိုချက်မှာ မြစ်ဝကျွန်းပေါ်ဒေသအပါအ၀င်၊ ဗမာပြည်အောက်ပိုင်းအားလုံးနီးပါးအား လွတ်လပ်သောကရင်ပြည်နယ်အဖြစ်ပေးရန် ဖြစ်သည်။ ထိုတောင်းဆိုချက်အား ဗမာပြည် အစိုးရမှ ငြင်းပယ်လိုက်သောအခါ နှစ်ဦးနှစ်ဖက်ကြားတွင် သံသယနှင့် မသင်္ကာမှုများ ကြီးထွားလာခဲ့သည်။
(မှတ်ချက်။ စာရေးသူ ဆလိုင်းဗန်ကျုံးလျန်မှ ဤ “ဗိုလ်မှူးကြီး ဟရန်ထီးယိုးနှင့် ၁၉၄၉ ပြည်တွင်းစစ်ကြီး”ဆောင်းပါးအား အပိုင်း (၃) ပိုင်းခွဲကာ ရေးသားထားခြင်းဖြစ်သည်။ ကျန်ရှိသော အပိုင်း (၂) နှင့် (၃) အား လာမည့်အပတ်များတွင် စောင့်မျှော် ဖတ်ရှု့ကြပါရန်.. အယ်ဒီတာ)

No comments:

Post a Comment