Saturday 7 June 2014

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ပူးဟောက်ခင်ခမ်း နှင့် တွေ့ဆုံခြင်း (၁)

_DSC0017
မန်ကိန်း တွေ့ဆုံမေးမြန်းသည်
ချင်းပြည်နယ် လွှတ်တော်၏ အခန်းကဏ္ဍ၊ လုပ်ပိုင်ခွင့်များ၊ သုံးနှစ်အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ မေလ ၁၅ ရက်နေ့တွင် ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ ပူးဟောက်ခင်ခမ်း – Pu Hau Khen Kham နှင့် ၄င်း၏ နေအိမ်တွင် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်များကို ပြန်လည်ဖော်ပြ ပေးလိုက်ပါသည်။
မေး-ချင်းပြည်နယ် လွှတ်တော်၏ အခန်းကဏ္ဍနှင့် တာဝန်ယူမှုတွေကို သိချင်ပါတယ်။
ကျနော်တို့ရဲ့အခြေခံဥပဒေထဲမှာ အာဏာသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ စတဲ့ အာဏာသုံးရပ်ကို ပိုင်းခြားအုပ်ချုပ်ရမယ်လို့ပါတယ်။ သို့သော် ဒီ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ တို့ကို အချင်းချင်းအပြန်အလှန် ထိန်းကျောင်းရမယ်။ Check and Balance လုပ်ရမယ်။ ပြည်သူလူထု အကျိုး အမှန်တကယ် သယ်ပိုးထမ်းဆောင်နိုင်အောင် ထိန်းကျောင်းရမယ်။
လွှတ်တော်က ဥပဒေပြုရတယ်။ တည်ဆဲဥပဒေများကို ခေတ်နှင့်ညီအောင်ပြင်ဆင်ဖြည့်စွက်ခြင်း ဖျက်သိမ်းခြင်း အသစ်ပြုစုခြင်းများ ဒါတွေကို အဓိကလုပ်ပါတယ်။ အဲဒါကြောင့် ဥပဒေပြုရေးနဲ့ပတ်သက်လို့ နောင်မှာ ဘာလုပ်သင့်တယ်ဆိုတာကတော့ ကြိုတင်ပြောလို့မရဘူး။ အခြေအနေအရ လုပ်သင့်လုပ်ထိုက်တဲ့ဥပဒေပေါ်လာမှ အဲဒါကို လုပ်ရမယ့်သဘောဖြစ်ပါတယ်(ရယ်လျက်)။
မေး-ချင်းပြည်နယ်လွှတ်တော်၏ ၃ နှစ်အတွင်း လုပ်ဆောင်ခဲ့မှုတွေကို သိချင်ပါတယ် ။
အခုလက်ရှိမှာကတော့ ချင်းပြည်နယ်လွှတ်တော်အနေနဲ့ တည်ဆဲဥပဒေများကို ပြင်ဆင်တာ ပြုပြင်တာမျိုးမရှိပါဘူး။ ချင်းပြည်နယ်အနေနဲ့ ကျနော်တို့ ဥပဒေကတော့ ၁၅ ခု အစိုးရအဖွဲ့က တင်လာခဲ့ပါတယ်။ အစိုးရအဖွဲ့ဆိုတာက အုပ်ချုပ်ရေးအဖွဲ့ပေါ့နော်။ ၁၅ ခုထဲက ၁၄ ခုကို ကျနော်တို့က အတည်ပြုထားပါတယ်။ ၁ ခုကိုတော့ ဆိုင်းငံ့ထားပါတယ်။ ဆိုင်းငံ့တယ်ဆိုတာက ဘာလဲဆိုတော့ ရေချိုးငါးလုပ်ငန်းဆိုပြီးတော့ တင်လာပါတယ်။ ဖတ်ကြည့်တဲ့အခါမှာ ကျေးလက်တောရွာမှာ ငါးမျှားလို့် ဒဏ်ခတ်မယ်ဆိုရင် ဘယ်လိုလာမလဲဆိုတာမျိုး ။ ငါးမျှားလို့မရအောင်လုပ်တယ်ဆိုရင် ဒီလွှတ်တော်က ဘာလွှတ်တော်လဲ ဆိုတာဖြစ်မှာစိုးလို့ ၊ ဒီအစိုးရက ဘာအစိုးရလဲ ဆိုတာဖြစ်မှာစိုးလို့(ရယ်လျက်)။ ပြည်သူလူထုကလည်း နားလည်သင့်ပါတယ်၊ ရပ်မိရပ်ဖတွေကလည်း နားလည်သင့်ပါတယ်။ ချင်းတွေရဲ့ ဓလေ့ထုံးစံနဲ့ မဆန့်ကျင်ဘဲနဲ့ ဥပဒေ လုပ်တာကောင်းမယ်ဆိုပြီးတော့ ကျနော်တို့က ဆိုင်းငံ့ထားပါတယ်။ အဲဒါကို ငါးဦးစီးဌာနက ဆက်လက်ပြီးတော့ အချက်အလက်တွေ ရှာဖွေပါလိမ့်မယ်။ မကြခင်ကျင်းပတော့မယ် လွှတ်တော်အစည်းအဝေးမှာ ကျနော်တို့ ပြန်လည် သုံးသပ်ပြီး အတည်ပြုဖို့ ဖြစ်ပါတယ်။ ဥပဒေ ၁၄ ခုအတည်ပြုပြီး ၁ ခုကို ဆိုင်းငံ့ထားပါတယ်။
အစိုးရအဖွဲ့က တင်လာသော ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ဒါကို ကျနော်တို့ ဆွေးနွေးကြပါတယ် အတည်ပြုကြပါတယ်။ဒါကလည်းပဲ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်းမှာ ဌာနဆိုင်ရာအားလုံး သာမန်ရငွေ သာမန်အသုံးစရိတ် ငွေလုံးငွေရင်း ပြည်ထောင်စု ဘဏ္ဍာရေးကော်မရှင်က ချင်းပြည်နယ်အတွက် ခွဲဝေပေးထားတဲ့ ဘတ်ဂျက်တွေကိုလည်း ဘယ်လိုသုံးစွဲရသလဲဆိုတာကိုလည်းပဲ ဒီအစိုးရအဖွဲ့က တင်လာပြီးတော့ ကျနော်တို့ကနေပြီးတော့ ဆွေးနွေး ညှိနှိုင်း အတည်ပြုပါတယ်။ ဒါတွေလုပ်ပါတယ်။
အဲဒါကြောင့် အဲဒီကြားထဲမှာက ဘာတွေလုပ်သလဲဆိုတော့ ပြည်သူလူထုရဲ့ လိုအပ်ချက် ဆန္ဒတွေကိုလည်းပဲ ကျနော်တို့ လွှတ်တော်အတွင်းမှာ အတတ်နိုင်ဆုံး ဆောင်ရွက်ကြပါတယ်။ ဆိုလိုတာကတော့ ချင်းပြည်နယ်မှာက မြန်မာပြည်တစ်ခုလုံးမှာ ပြည်နယ်တိုင်းအားလုံးမှာ ပင်စင်ဦးစီးဌာနရှိတယ်၊ ရှမ်းပြည်နယ်ဆိုရင် ၃ ခုရှိတယ်၊ ပဲခူးမှာလည်းရှိတယ်၊ ချင်းပြည်နယ်မှာ တစ်ခုမှ မရှိဘူး။ ပင်စင်ဦးစီးဌာနမရှိဘူး။ အဲဒါမျိုးလည်းပဲ လွှတ်တော်ကိုယ်စားလှယ်များက အဆိုတင်သွင်းပြီးတော့ ကျနော်တို့က အဲဒါဆွေးနွေးသင့်သလား မဆွေးနွေးသင့်ဘူးလား ဆိုတဲ့ဟာ လွှတ်တော်ဥက္ကဌက ဆုံးဖြတ်ပါတယ်။ ဆွေးနွေးဖို့မသင့်ဘူးဆိုရင်လည်းပဲ ငါတို့ဆွေးနွေးဖို့အကြောင်းမရှိဘူး။ ငါ ဥက္ကဌတစ်ဦးတည်းကပဲ ဒါကောင်းပါတယ် လုပ်လို့မရဘူး။ အများစုဆန္ဒအရ ဆုံးဖြတ်အတည်ပြုရပါတယ်။ အဆိုကို အတည်ပြုပြီဆိုရင် အစိုးရအဖွဲ့အနေနဲ့ လိုအပ်သလို ပြည်ထောင်စုအစိုးရအဖွဲ့ကို စာတင်ပြီးတော့ လုပ်ပါဆိုပြီးတော့ အဲဒါမျိုးလုပ်ရပါတယ်။
ပြီးခဲ့တဲ့ ၃ နှစ်ကာလအတွင်းမှာကတော့ ကျနော်တို့က ဥပဒေ ၁၄ ခု အတည်ပြုပြီးပြီ။ ၁ ခုကိုတော့ ဆိုင်းငံ့ထားတယ်။ ဒေသန္တရစီမံကိန်း ၄ ခု ကိုလည်း အတည်ပြုပြီးပြီ။ ဘတ်ဂျက်ကတော့ ဘဏ္ဍာနှစ်အလိုက် ဖြည့်စွက် ဘတ်ဂျက်ရှိပါတယ်။ ဒါလည်းပဲ သူ့အချိန်နဲ့ သူ့အခါနဲ့ ဆွေးနွေးပြီးတော့ အတည်ပြုတာရှိပါတယ်။
မေး-၃ နှစ်အတွင်းမှာ မေးခွန်းပေါင်း ၂၅၉ ခုမေးပြီးတော့ သက်ဆိုင်ရာဝန်ကြီးကလည်း ဖြေကြားပါတယ်။
နောက်ပြီးတော့ အဆို ၂၃ ခုရှိပါတယ်။ အဆိုတွေထဲမှာ မဖြစ်သင့်တာတွေလည်းရှိပါတယ်၊ အဲဒါတွေကို ပယ်ချလိုက်ပါတယ်၊ တစ်ချို့ကို လိုအပ်သလို ဆက်လက်ပြီးဆောင်ရွက်ပါတယ်။ တစ်ချို့ကို ဆိုင်ငံ့ထားပါတယ်။ အဲဒါမျိုးရှိပါတယ် (ရယ်လျက်)။
အမှန်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေက နယ်ဆင်းရမယ်။ ပြည်သူလူထုရဲ့ ဆန္ဒကို ဒီအစိုးရအဖွဲ့ကို တင်ပြရမယ်။ အစိုးရအဖွဲ့ကလည်းပဲ ကျနော်တို့ တင်ပြတာကို အထူး ကရုပြုပြီးတော့ ဆောင်ရွက်ဖို့ဖြစ်ပါတယ်။
မေး-ချင်းပြည်နယ်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေတွေကအတွက် နည်းဥပေဒတွေက လက်ရှိအခြေအနေမှာ ဘယ်လိုရှိလဲ ။
နည်းဥပဒေတွေက သက်ဆိုင်ရာဝန်ကြီးဌာက လုပ်ပါမယ်။ ဥပဒေကို ကျနော်တို့က လုပ်ထားပြီးပြီ။ ဥပမာ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေ အတည်ပြုတယ်ဆိုရင် နည်းဥပဒေ ကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ပါမယ်။
မေး-နည်းဥပဒေက အတည်ပြုပြီးတဲ့ ဥပဒေနဲ့ ရှေ့နောက်မညီတာမျိုးဖြစ်နိုင်လား။
ဖြစ်နိုင်တယ်လေ။ အဲဒါကြောင့် သူတို့က လုပ်ပြီဆိုရင် လွှတ်တော်ကိုလည်းပဲ ပြန်တင်ပြရမှာပါပဲ။ ဒါပေမယ့် လက်ရှိကတော့ ပြန်တင်ပြတာမျိုး ဘာမှမရှိသေးပါဘူး။
မေး-လွှတ်တော်က အတည်ပြုပြီးဖြစ်တဲ့ ဥပဒေတွေရဲ့ အသက်ဝင်မှုက ဘယ်လိုရှိမလဲ ။
အခုဆိုရင် ကျနော်တို့ ဥပဒေ ၁၄ ခုလောက်အတည်ပြုပြီးတဲ့ဟာကို နည်းဥပဒေမထွက်တဲ့အခါ အသက်မရှင်မဝင်တဲ့ သဘောပဲ။ အဲဒါအစိုးရအဖွဲ့အားနည်းတာ။ လွှတ်တော်ရဲ့အားနည်းချက်မဟုတ်ဘူး။ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့အားနည်းချက်ပါပဲ။ သူတို့က လုပ်ရမှာ။
အမှန်ဆိုရင် လွှတ်တော်က အရာရာကို သိဖို့ပဲနော်။ ဒါပေမယ့် လွှတ်တော်က ဌာနနဲ့ဆက်သွယ်မှု ဘာမှမရှိဘူး။ ကျောင်းက ဘာလုပ်သလဲဆိုတာ လွှတ်တော်ကမသိဘူး။ အစိုးရအဖွဲ့က ဘာလုပ်နေသလဲဆိုတာ ကျနော်တို့ လွှတ်တော်က မသိဘူး။ အဲဒါကလည်းပဲ လွှတ်တော်ရဲ့အားနည်းချက်မဟုတ်ဘူး။ အစိုးရအဖွဲ့ရဲ့အားနည်းချက်မဟုတ်ဘူး။ အခြေခံဥပဒေမှာက ပိုင်းခြားရမယ်ဆိုတဲ့အတွက် ပိုင်းခြားထားခြင်းဖြစ်ပါတယ်။
မေး-ပြည်နယ်လွှတ်တော်အနေနဲ့ ချင်းပြည်နယ်အစိုးရအပေါ်မှာ Check and Balance လုပ်နိုင်မှုက ဘယ်လောက်အတိုင်းအတာထိရှိမလဲ။
အဲဒါကလည်းပဲ ဒီလောက်ရှိပါတယ်ဆိုတာတော့ ပြောလို့မရပါဘူး။ အခုထိတော့ အခြေအနေကောင်းပါတယ်လို့ ဆိုရပါမယ်။
သူတို့က အခြေခံဥပဒေထဲမှာ လွှတ်တော်အတွင်းမှာ ဆုံးဖြတ်သောအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုများကိုလည်း လွှတ်တော်သို့ ပြန်လည်အစီအရင်ခံရမည်။ ၃ နှစ်တာကာလအတွင်းမှာ သူတို့အစီအရင်ခံစာရေးတာက ၂၀၁၁ ဧပြီလ ၁ရက်နေ့ကနေပြီးတော့ ၂၀၁၂ မတ်လအထိ၊ ၂၀၁၂ ဧပြီလကနေပြီးတော့ ၂၀၁၂ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ဒီကာလအတွင်းမှာ အစီအရင်ခံစာတော့ ရေးကြပါတယ်။ လွှတ်တော်ကိုတင်ကြပါတယ်။ အဲဒီနောက်ပိုင်းတော့ တစ်နှစ်ကျော်ကြာပြီ အစီအရင်ခံစာတင်တာ မရှိဘူး။
မေး-ပြည်နယ်လွှတ်တော် ကျင်းပတဲ့အကြိမ်အရေအတွက်နည်းတယ်လို့ ပြောဆိုကြတဲ့အပေါ်မှာ ဘယ်လိုမြင်မိလဲ။
အခြေခံဥပဒေထဲမှာက လွှတ်တော်တစ်ခုနဲ့ တစ်ခုအကြား ကျင်းပတဲ့ရက်က ၁၂လ မကျော်ရဘူးလို့ပြောသည်။ သို့သော် လက်တွေ့မှာက ဒီလိုမဟုတ်ဘူး။ ၃ နှစ်တာကာအတွင်းမှာ ပုံမှန်အစည်းအဝေး ၈ ကြိမ်လုပ်ရတယ်။ မလုပ်ရင် မဖြစ်တဲ့ဟာရှိတယ်။ အထူးအစည်းအဝေး ၂ ကြိမ် ပုံမှန်အစည်းအဝေး ၈ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၃ကြိမ်၊ စုစုပေါင်း ၁၄ ကြိမ်လုပ်ရတယ်။ ဥပဒေထဲမှာ ၁၂ လမကွာရဘူးဆိုတောကတော့ တစ်နှစ်မှာ တစ်ကြိမ်မဟုတ်ဘူး လိုအပ်ရင် လိုအပ်သလိုခေါ်ရတယ်။ သို့သော်တစ်ခုနဲ့ တစ်ခုက ၁၂ လကျော်ပြီးတော့ မကွာရဘူး လို့ပြောထားတယ်။
မေး-ပြည်နယ်လွှတ်တော်ရဲ့ ၃ နှစ်တာ လုပ်ဆောင်ခဲ့မှုတွေကို ဆရာ့အနေနဲ့ အားရကျေနပ်မှုရှိပါသလား။
ရှိပါတယ်။ အားရတယ် ကျနော်။ ကျနော်လွတ်တော်အတွေ့အကြုံဆင်းတော့ တွေ့ရတာက လွှတ်တော်က အာဏာပိုင်မဟုတ်ပါဘူး။ လုပ်ပိုင်ခွင့်ရှိတဲ့ လွှတ်တော်မဟုတ်ဘူး ။ သူ့လုပ်ပိုင်ခွင့်က ဥပဒေလုပ်ဖို့ပါပဲလို့ အခြေခံဥပဒေက ပြဌာန်းထားပါတယ်။ ကျောင်းတိုးမြှင့်ဖို့က လွှတ်တော်နဲ့ ဘာမှမဆိုင်တဲ့သဘောပဲ၊ ကျောင်းအဆောက်အဦးဆောက်လုပ်ဖို့ ပိုက်ဆံသုံးစွဲဖို့ လွှတ်တော်နဲ့ မဆိုင်သလိုပဲ။ သို့သော် အစိုးရအဖွဲ့ခေါ်တဲ့သူက အုပ်ချုပ်ရေးအဖွဲ့က တင်လာတယ်ဆိုရင် နည်းတယ်မျာတယ်ဆိုတာကတော့ ကျနော်တို့က ပြောလို့ရပါတယ်။ ဟိုနေရာပေးသင့်တယ် ဘာပေးသင့်တယ် ဆိုတာကို ပြောလို့ရတယ်။ သို့သော် သူတို့တင်သမျှတွေကို အသေးစိတ်လေ့လာဖို့က မလွယ်တော့ဘူး။ ဘတ်ဂျက်ကိစ္စမှာ ဘဏ္ဍာရေးကော်မရှင်က အတည်ပြုပေးပို့တဲ့ဟာကို ဒီမှာ ပြန်ပြင်ဆင်ပြီးလုပ်ဖို့က မလွယ်တော့ဘူး။ သို့သော်လည်းပဲ လွှတ်တော်ပေါ်လာတဲ့အတွက် ဒီမိုကရေစီ စနစ်ကျင့်သုံးတယ်လို့ အမြင်ရှိတယ်။ လွှတ်တော်ဆိုတာက လူထုကရွေးတဲ့ကိုယ်စားလှယ်တွေလေ၊ လူထုကရွေးတဲ့ကိုယ်စားလှယ်တွေပါတဲ့ လွှတ်တော်ရှိတဲ့အတွက် လူထုကလည်းပဲ မျှော်လင့်ထားသလို ဒီမိုကရေစီအစိုးရတွေလို့ အခေါ်ခံရတာ ဖြစ်ပါတယ်။ ဒီမိုကရေစီနစ်ဖြစ်လို့ အရင်က စစ်သားတွေအုပ်ချုပ်တဲ့အချိန်ကထက်စာရင် သိပ်အားရစရာကောင်းတယ်။ လွှတ်တော်ကလည်း ကျနော်ဘာမှမတတ်နိုင်သော်လည်းပဲ ဘာမှလုပ်ပိုင်ခွင့်မရှိသော်လည်းပဲ ကျနော်လည်း အနည်းငယ် ပြောလို့ရတာပါပဲ ။ အဲဒါကြောင့် အားရစရာကောင်းတယ်။ အဲဒီစနစ်လေးကိုထိန်းရမယ်။ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ဆက်သွားရမှ မြန်မာပြည်တိုးတက်မယ်။ ချင်းပြည်နယ်လည်းတိုးတက်မယ်။
ဆက်လက်ဖော်ပြပါမည်

No comments:

Post a Comment